Sunday, March 18, 2007

ထိုည (ကြည်အေး)

ထိုည

အပျိုမကလေးသည် မော့၍ ကြည့်လိုက်၏။ လသည် အင်မတန်ပင်မြင့်၍နေလေပြီ။ လသည် ပြာသော ကောင်းကင်ဝယ် ရွှေရောင်လိုလို ငွေရောင်လိုလို ၀င်းမှည့်နေသဖြင့် ဖဲပြာပေါ်တွင် ဟိုလိမ့်သည်လိမ့် လိမ့်ကာ ဟန်ယူနေသော အရည်ရင့်ရင့် ပုလဲလုံးနှင့် ပမာတူ၏။ ဆောင်တော်ကူးခိုင်ပမာ အိ၍နေသော တိမ်တောင်တို့သည် လရောင်တစ်ဝက်၊ အရိပ်တစ်ဝက်ဖြင့် ပြိုတော့မည့်ပမာ လေးပင်စွာ တွဲကျနေပေ၏။ စိန်ကြယ်ပွင့်တို့သည်လည်း တဖျတ်ဖျတ်တောက်ကာ မျက်တောင်တခတ်ခတ်နှင့် လက်နေကြလေသည်။

လေသည် “ကန်သာ” ကို ဖြတ်၍ ပြတင်းမှ တိတ်တဆိတ် ခိုးဝင်ကာ မေ့ဆေးသဖွယ် ကြာပန်းရနံ့များဖြင့် မူးမေ့ခွေပျော့သွားအောင် ထုံလိုက်လေ၏။ ပြတင်းမှာ တွယ်ကပ်နေသည့် အိုင်ဗီနွယ်များသည် လရောင်တွင် လှနေကြ၏။ ပျော့ညက်သော ခန်းဆီးအဖြူသည် လရှိရာသို့ လက်လှမ်းကာ လူးလိမ့်နေ၏။

အပျိုမကလေးသည် ည၏ အလှကို အနုစိတ်၍ အမွှမ်းတင်ကာ နူးညွှတ်ဖွယ်ရာ စိတ်ကူးအိပ်မက် မက်နေ၏။ လွမ်းရမလိုလို၊ ဆွေးရမလိုလို ထိုအိပ်မက်သည် ဇာတ်လမ်းအခြေတည်စရာ မရှိသဖြင့် အရှည်ကြီး မျောနေတော့သည်။ အနက်မထင်သော အိမ်မက်သည် သူ့အား နွမ်းလျခွေပျော့ကာ တဆန့်ငင်ငင် ဖြစ်စေလေ၏။ ကိုင်း … ဘာလိုနေပါလိမ့်။ ည၏ အလှကို စိတ်ဝင်စားနေသည်မှာ ရူးသွပ်စွာ တစ်ဖက်သက်ပင် အယူသီးနေတော့မလောက် ဖြစ်၏။ သို့ပေမယ့် ကျေနပ်နှစ်သိမ့်မှု မရှိပဲ ဟာနေသည်မှာ ဘာလိုနေပါသလဲ။

အပျိုမကလေးသည် အိပ်ရာပေါ်သို့ နွမ်းလျစွာ လှဲချလိုက်သည်။ ပြတင်းမှ မြင်ရသော လ၊ တိမ်၊ ကြယ်တို့နှင့် ပြည့်စုံသည့် ကောင်းကင် တစ်ဝက်တစ်ပျက်ကို ပြတင်းပေါင်သည် ပန်းချီကားတစ်ချပ်ဖြစ်အောင် လေးထောင့်ပုံ ကွယ်ပေးလေ၏။ သူမသည် ညပန်းချီကားကို ကြည့်ရင်း ပို၍ပို၍ နွမ်းခွေလာလေ၏။ ထိုပန်းချီကားချပ်သည် ကဗျာယဉ်တစ်ပုဒ်ပမာ သူမအား ညှို့နိုင်စွမ်းသည်။

ဂီတသံကို ကြားရလေသည်။
ဂီတသံသည် အလွန်တရာ အေးဆေးချွဲနွဲ့သော တယောနှင့် အဆိုတွဲထားသည့် အသံပင် ဖြစ်၏။ အသံသည် သဲ့သဲ့ကလေး ပေါ်လာရာမှ အလွန်ဖြည်းလေးစွာ နီး၍နီး၍လာ၏။ အနီးဆုံးသို့ ရောက်လာလေ၏။ ဝေးရာမှ နီးလာသော်လည်း နီးရာမှ ဝေးမသွားချေ။ အပျိုမကလေးသည် အသက်မရှုပဲ စိတ်ထက်သန်စွာ နားထောင်၏။

“ပန်းပွင့်တွေလည်း လရောင်ဦးဝယ်
ငှက်ကလေးတွေလည်း တေးသံကျူးကာ
မြူးလို့ ချစ်သွေးဝင်
ငယ်ချစ်ခင် မောင့်ရင်တွင်းမှာ
ချစ်တင်းဆိုလို့ ပျော်စေချင် … ”

အပျိုမကလေးသည် သူကိုယ်တိုင် ဇာတ်လိုက်ဖြစ်လာ၏။ အလွန်နွဲ့လျစွာ ထ ထိုင်လေ၏။ ဂီတသံသည် သူမ၏ ပြဿနာကို ရှင်းပေး၏။ ဘာလိုနေသည်ကို ရိပ်မိလာလေ၏။ သူမသည် ပင့်သက်ရှူကာ ပခုံးကို တွန့်လိုက်လေ၏။

သူမ၏ စိတ်မျက်စိဝယ် မိန်းမပျိုကလေး၏ အချစ်ကို မျှော်မှန်းခွင့်ပန်နေသော ယောင်္ကျားပျို၏ သဏ္ဍာန် တယောပိုက်နေဟန်ကို မြင်ရပေ၏။ ယောင်္ကျားပျိုသည် အချစ်သွေးကြောင့် မည်မျှ တုန်လှုပ်ချောက်ချား နေလိမ့်မည်နည်း။ သူ၏ မျက်လုံးတို့သည် မည်မျှ ၀င်းပြောင်နေလိမ့်မည်နည်း။

တယောသံသည် လှိုင်းတွန့်ကလေးဖော်သွား၏။ ပန်းခက်ကလေးတွေကို ဖော်သွား၏။ အရောင် အလျဉ်းသင့်စွာ စပ်သွား၏။ အကွက်စိပ်ကလေးများ မထိတထိ ဆက်စပ်၏။

ဂီတသံသည် ကရုဏာသံ ပါ၏။ ချစ်သော်လည်း မုန်းချင်စရာ၊ အင်မတန်ပဲ ချွဲလွန်းလှသည်။ ဂီတသံသည် အသက်ပါ၏။ အားတက်သည့် အရိပ်အရောင်ကိုလည်း ပြလေ၏။ လက်လလျှော့မလိုလိုလည်း ထင်ရသည့် ကြောက်ရွံ့သလိုလို၊ စကားနာထိုးသလိုလို အနေအထားနှင့် အချစ်ဝေဒနာကို ပြဆို၏။

အဖြေထွက်ပြီးပြီ။
ပန်းနတ်သမီးကလေး၏ အဟန်ဖြင့် ဒူးချ၍ ထိုင်နေရာမှ ဒူးထောက်ကာ ပြတင်းကို မှီလေ၏။ အပျိုမကလေးသည် စောင့်စားနေသည့် ချစ်သူသို့ ညွှတ်ခဲ့လေပြီ။ သူမသည် အနက်မထင်သည့် အညည်းကလေး တစ်ချက်ကို တိုးတိုးသက်သာ မှုတ်ထုတ်ကာ မ၀ံ့မရဲ ရှေ့သို့ယွန်း၍ ပြတင်းမှ ငုံ့ကာ ဂီတသံဖြင့် အချစ်ပန်ကြားနေသူကို ကြည့်လိုက်လေသည်။

“ ဟာ ”
ယောင်္ကျားပျိုသည် တယောပိုက်ကာ စောင့်စားနေဟန်ပင်။ သို့သော် အောက်တန်းစားတစ်ယောက်၊ ခေါင်းစုတ်ဖွားနှင့်၊ အ၀တ်အစားသည်လည်း အထက်တန်းစား၏ ဂိုက်မျိုး တစ်စက်မျှမပါချေ။ လမ်းဘေး ဖုတ်တောထဲမှာ ထိုင်လို့ပါပကော၊ ဘယ့်နှယ် ကြမ်းပိုးပါလိမ့်၊ ဂီတသံနှင့် မတန်လိုက်သည့် ဖြစ်ခြင်း။

အပျိုမကလေးသည် ရင်ကို မ ကာ အနောက်သို့ ယိုင်သွားလေ၏။ ငြူစူသော မျက်နှာထား၊ ကျိန်ဆဲနေသော နှလုံးဖြင့် ပြတင်းတံခါးကို ဂျုံးခနဲ ပိတ်၏။ အိုင်ဗီနွယ်ကလေးတစ်နွယ် တံခါးမှာ ညပ်ကာ ကြေမွသွား၏။ ခန်းဆီးကလေးသည်လည်း မြောက်တက်သွား၏။

အပျိုမကလေးသည် အိပ်ရာပေါ်သို့ ဆောင့်အောင့်လှဲချကာ စောင်ကို ခေါင်းမြီးတင်းတင်းခြုံ၍ ၊ မျက်စိအတင်းမှိတ်၍ အိပ်၏။

ညသည်လည်း မလှတော့ပြီ ။ တေးသံသည်လည်း မနုတော့ပြီ ။ ။

ကြည်အေး

Thursday, June 15, 2006

အဟောသိကံ


ယခုတော့ ဒေါ်မြစိန် တကယ်ပင် သေဆုံးခဲ့လေပြီ။
နှစ်ပေါင်းများစွာ ကျိတ်ဆုတောင်းခဲ့သော ဦးဘမောင်၏ ဆန္ဒ ပြည့်ဝခဲ့ပြီ။

****************
ညဉ့်သန်းခေါင်ကျော်လောက်တွင် ဒေါ်မြစိန်ကွယ်လွန်သည်။ အိမ်မှာ ဦးဘမောင်အပြင် တခြား မည်သူတစ်စုံတစ်ယောက်မျှ မရှိ။ ဦးဘမောင် ညဦးပိုင်းက မေ့ကနဲ တချက် အိပ်ပျော်သွားပြီး လန့်အနိုး သတိရကာ သွားကြည့်လိုက်သည့်အခါ ဒေါ်မြစိန် အသက်မရှုတော့သာ တွေ့ရသည်။ ရုတ်တရက် ဦးဘမောင် ၀မ်းသာအံ့သြသလို ဖြစ်ကာ ရင်တဒိတ်ဒိတ် ခုန်သွားသည်။ ထိုနောက်မှ တကယ် သေမသေ မသေချာ ဖြစ်လာသည်။ နည်းနည်း ပိုလင်းသွားအောင် မှန်အိမ်ကို မီးစာမြှင့်ပေးလိုက်သည်။ ထို့နောက် ဒေါ်မြစိန်အနီး ချဉ်းကပ်ကာ ခန်ဒါကိုယ်ကို ဘေးတိုက်အနေအထားမှ နေပြီး အတော်ကြီးကြာအောင် စောင့်ကြည့်နေသည်။ မလှုပ်။ နိမ့်ခြင်း မြင့်ခြင်း မရှိ။ ပကတိ ငြိမ်သက်နေသည်။ သေတာ သေချာလောက်ပြီ။ သို့သော် မေ့မျောနေတာများလား။ ရင်ဘတ် မလှုပ်ဘဲ မသိမသာ မျှင်မျှင်ကလေး အသက်ရှုနေတာများလား။ဦးဘမောင် တခြားနေရာများတွင် မြင့်ဖူးတွေ့ဖူးသည်များကို သတိရပြီး လက်တွေ့ စမ်းသပ်ကြည့်သည်။ ဂွမ်းဖတ်ကလေး တစ်ဖတ်ရှာပြီး နှာခေါင်းဝမှာ တင်ထားကြည့်သည်။ မလှုပ်ဘူးလား။ သေသေချာချာကြည့်တော့ ဂွမ်းဖတ်က နည်းနည်း လှုပ်သလိုလို။ ဒုက္ခပဲ။ ဦးဘမောင် အကြီးအကျယ် တုန်လှုပ်သွားသည်။ ဇောချွေး ပြန်လာသည်။ ငွေ့ငွေ့ကလေး ရှုနေသေးသလား။ မသေသေးဘူးလား။ စိမ့်ခနဲ တစ်ချက်အေးသွားပြီး လေတိုးဝှေ့သည်ကို ခံစားရသည်။ ဂွမ်းဖတ် ကလေးဘေးသို့ လွင့်ကျသည်။ ဦးဘမောင် ရင်ထဲမှာ ဒိန်းကနဲ ဖြစ်သွားသည်။ သို့သော် ရုတ်တရက် သတိရသည်။ အပြင်က လေတိုက်တာပဲ။ ပြတင်းတံခါး ညကတည်းက မပိတ်မိခဲ့ပဲကိုး။ ဦးဘမောင် ပြတင်းပေါက်ကို ထပိတ်သည်။ ထို့နောက် မှန်ကို သတိရကာ စားပွဲတင်မှန်ကလေးကို သွားယူသည်။ မှန်ကို ပြောင်စင်အောင် အ၀တ်နှင့် ပွတ်တိုက်ပြီးနောက် ဒေါ်မြစိန် မျက်နှာနား အတန်ကြာအောင် ကပ်ထားကြည့်သည်။ မီးအိမ်အလင်းရောင်မှာ မှန်ကိုသေသေချာချာ ထောင်ကာ ကြည့်သည်။ ရေခိုးရေငွေ့ မတွေ့ရ။ အသက်ရှုငွေ့ မတွေ့ရ။ သေတာ သေချာလောက်ပါပြီ။ သို့သော် စိတ်မချနိုင်သေး။ လက်ဖျား ခြေဖျားများ စမ်းသပ်ကြည့်သည်။ အေးသလို မအေးသလို။ ဘေးနားက ခွေးခြေမှာ ထိုင်ပြီး စောင့်ကြည့်နေသည်။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်၊ နာရီဝက်၊ တစ်နာရီ။ ဒေါ်မြစိန် လှုပ်ရှားမှု လုံးဝမရှိ။ မိမိက အသက်ပြင်းစွာ ရှုနေသည်။ ကိုယ့်အသက်ရှုသံကိုပင် ကိုယ်ပြန်ကြားနေရသည်။ ဒေါ်မြစိန်ထံက ဘာသံမှ မထွက်။ ငြိမ်နေသည်။ တိတ်ဆိတ်နေသည်။ မျက်နှာက ချောင်ကျနေသည်။ ကြည့်ရင်းကြည့်ရင်း မသာရုပ်ပေါက်လာသည်။ သေပါပြီ။ယခုတော့ တကယ်ပင် သေပါပြီ။ကနေ့ သေတော့မလို၊ မနက်ဖြန် သေတော့မလို၊ မိုးမကုန်မီ သေမလို၊ ဆောင်းကုန်သည်အထိ မခံတော့သလိုနှင့် နှစ်ပေါင်းများစွာ ကြာအောင် အသက်တငင်ငင် နေလာခဲ့သည့် မိန်းမ။ မသေခင်စပ်ကြား နည်းမျိုးစုံဖြင့် နှိပ်စက်သွားသော မိန်းမ။ မိမိသက်တမ်း တစ်လျှောက်လုံး အချုပ်အနှောင် အထုပ်အပိုးကြီးလို ဖြစ်ခဲ့သည့် မိန်းမ။ ယခုမှပဲ မိမိကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးတော့သည်။ဦးဘမောင် ခွေးခြေမှ ထလာသည်။ အိမ်နီးချင်းတွေ အသိပေး အကြောင်းကြားလိုက်ရမလား။ ညဉ့်သန်းခေါင် အားနာစရာတော့ ကောင်းသည်။ မိမိ တစ်ယောက်တည်း နေချင်သေးသည်။ ပေါ့ပါးလွတ်လပ်သွားသည့် အရသာကို ခံစားချင်သေးသည်။ အသာပြန်ထိုင်သည်။ယခင်ကတော့ ဒေါ်မြစိန် မရှိတော့လျှင် မိမိ ဘယ်လိုပျော်ရွှင် လွတ်လပ်လိုက်မည်ဆိုတာတွေ ကြိမ်ဖန်များစွာ တွေးတောခဲ့ဖူးသည်။ အမျိုးမျိုးအဖုံဖုံးစိတ်ကူးယဉ်ဖူး ကြည်နူး ခဲ့ဖူးသည်။ ယခု တကယ် လွတ်လပ်ပြီဆိုသည့် အခါတွင်တော့ ဟက်ဟက်ပက်ပက်မရှိပါကလား။ ဘယ်လိုလဲ။ အရင်တုန်းက စိတ်ကူးထဲမှာ တစ်ယောက်တည်း ပျော်ကြည့်ဖူးတာ၊ လွတ်လပ်ကြည့်ဖူးတာတွေ သတိရသမျှ တစ်ခုပြီးတစ်ခု ကမန်းကတန်း ပြန်စဉ်းစား ကြည့်သည်။ သိပ် အရသာ မတွေ့ချင်။ စာအုပ်ဟောင်းကို ပြန်ဖတ်ရသလို ဖွယ်တယ်တယ် ဖြစ်နေသည်။ရုတ်တရက်မို့လား။ ဒါမှမဟုတ် နှစ်ပေါင်းများစွာ မခံစားခဲ့ရသည်မို့ ပျော်ရွှင်ခြင်း၊ လွတ်လပ်ခြင်း ဆိုတာတွေ မိမိရင်က မခံစားတတ်တော့ပဲ ရှိလေသည်လား။ဦးဘမောင် ၀မ်းနည်း အားငယ်သလို ခံစားလာရသည်။
စင်စစ် ဦးဘမောင်၏ ဘ၀မှာ ပျော်ရွှင်ခြင်း၊ လွတ်လပ်ခြင်း ဆိုသည်များကို ကောင်းစွာ ခံစားခဲ့ရဖူးပါ၏။ သူ့မိဘတွေသည် သည်မြို့ကလေးမှာ ထိပ်ထိပ်ကျဲ မဟုတ်သော်လည်း အတော်ပင် ပြည့်စုံကုံလုံသည့် အတန်းအစားထဲက ဖြစ်သည်။ လယ်ရှိသည်။ ဥယျာဉ်ရှိသည်။ ငါးဖမ်းလုပ်ငန်းရှိသည်။ ကုန်စုံဆိုင်ရှိသည်။ ပြီး သားသမီးဆိုလျှင် ဦးဘမောင် တစ်ယောက်တည်းသာရှိသည်။ထို့ကြောင့် ဦးဘမောင်၏ ကလေးသူငယ်ဘ၀၊ ဟိုက်စကူးကျောင်းသားဘ၀၊ ထို့နောက် လူပျိုလူလွတ်ဘ၀ အထိသည် အလွန်ပင် ပျော်ရွှင်ချမ်းမြေ့ဖွယ် ဖြစ်ခဲ့ပါသည်။လူပျိုလူလွတ်ဘ၀က အပေါင်းအဖော်များနှင့် ပျော်ခဲ့ဖူးသည်များကို သတိရသည်။ ထိုစဉ်ကတော့ စိတ်သွားတိုင်း ကိုယ်ပါသည့် ဘ၀။ သို့သော် သေသေချာချာ ပြန်စဉ်းစားကြည့်လျှင် ထင်တိုင်းသောင်းကျန်းခဲ့သည်တော့လည်းမဟုတ်။ အပျော်ကြီးပျော် အလွတ်ကြီး လွတ်ခဲ့သည်လည်း မဟုတ်။။ သူများတကာ လူငယ်များလိုပဲ သည်အသက်အရွယ်မှာ ပျော်တန်သလောက်၊ ပျော်လို့ ရသလောက် ပျော်ခဲ့ပါးခဲ့မိခြင်းသာပဲ ဖြစ်သည်။ ဆိုးသွမ်းခဲ့သည်ဟု အပြစ်ဆိုစရာ အကြောင်း စဉ်းစားလို့ပင် မရခဲ့။သို့သော် လူကြီးမိဘတွေ၏ အယူအဆ ဆိုသည်က အလွန်ခွကျသည်။ကိုယ့်သားသမီး လွတ်လပ် ပျော်ရွှင်စွာ နေထိုင်တာကို အဘယ်ကြောင့် ကြည့်မနေနိုင်ကြသနည်း။ မချစ်ကြသည်လည်း မဟုတ်။ သူတို့က စေတနာလို့ ဆိုသည်။ ကောင်းစေချင်လို့ဟု ဆိုသည်။ သည်အတိုင်းလည်း ကောင်းနေသည်ပဲ မဟုတ်လား။ခက်သည်က ဘေး အသိုင်းအ၀ိုင်းနှင့်လည်း ဆိုင်သည်။ စောစောက ပြောသလို မိဘကိုယ်တိုင် ပါနေတာလည်း ဆိုင်သည်ပေါ့။ ဘမောင်ကို မိန်းမ မြန်မြန် ပေးစားမှ။ မဟုတ်ရင် သည်ကောင် ပျက်စီးလိမ့်မယ်။ အဲဒီလို ဆိုကြသည်။ဘယ်လို ပျက်စီးမည်လဲ၊ ပျက်စီးစရာ အကြောင်းလည်း စဉ်းစားလို့ပင်မရ။ သို့သော် ဘာပဲ ပြောပြော မောင်ဘမောင် တစ်ဦးတည်းသော သားကလေး၊ ရုပ်ကလည်းချော၊ ပစ္စည်းဥစ္စာကလည်းပေါ၊ သည်ကောင်လေး ပျက်စီးသွားမှာ၊ မိန်းမလည် တစ်ယောက်နှင့် တွေ့သွားမှာ၊ မိဘက အကြီးကျယ် ပူပန်ခဲ့သည်။မင်းကို မိန်းမ ပေးစားရမယ်၊ မင်းစိတ်ထဲက ရည်မှန်းထားတဲ့ လူ ရှိသလား။ မိဘများက မေးသည့်အခါ မရှိပါဟု ခပ်လွယ်လွယ် ဖြေကြားခဲ့သည်။ ရှိလည်း မရှိပဲကိုး။ မိမိဘ၀၏ တန်ဖိုးအရှိဆုံး အသက်အရွယ် အစိတ်အပိုင်း တစ်ခုလုံးကို သည်စကား တစ်ခွန်းဖြင့်ပင် စွန့်လွှတ်လိုက်ရမည့် အကြောင်းလည်း ထိုစဉ်က သဘောမပေါက်ခဲ့ပဲကိုး။ ထို့ကြောင့် မိဘများ သဘောကျ နှစ်သက်သည့် မမြစိန်ကို လိုလားသည် မဟုတ်၊ မလိုလားသည်လည်း မဟုတ်ဘဲ ကိုဘမောင် လက်ထပ်ထိမ်းမြားခဲ့သည်။
***************************
မမြစိန်နှင့် လက်ထပ်သော နေ့မှာ ကိုဘမောင် လွတ်လပ်ရေး စတင်ဆုံးရှုံးသောနေ့ ဖြစ်လေသည်။စဉ်းစားကြည့်လျှင် နှစ်ပေါင်း သုံးဆယ်ကျော်မျှ ကြာခဲ့ပြီ။ မလွတ်လပ်ခဲ့သောဘ၀။ ပျော်ရွှင်မှု ဆိတ်သုဉ်းခဲ့သည့် ဘ၀။မမြစိန်ဆိုသည့် မိန်းမက သူ့အိမ်မှာ သမီးအကြီး ဖြစ်ခဲ့လို့လား၊ ဒါမှမဟုတ် နဂိုကပင် အကျင့်ဆိုးရှိသည်လား မပြောတတ်။ နေရာတကာ ပါချင်သည်။ လင်ကို ကွပ်ကဲနိုင်သည်ဟူသော အပေါက်မျိုး ချိုးပြချင်သည်။ ဒါကိုပင် ကိုဘမောင် မိဘတွေက သဘောကျကြသည်။ ဘမောင် တစ်ယောက်တော့ မမြစိန်နဲ့ကျမှ အပိုးကျိုးသွားတော့တယ်ဟု လူရှေ့သူရှိမှာ ချွေးမကို ချီးမွမ်းကြသည်၊ အားပေးအားမြှောက် ပြုကြသည်။ ကိုဘမောင်မှာ ပင်ကိုကပင် စိတ်ထားပျော့ပျောင်းတာ၊ လူရှေ့သူရှေ့မှာ ခိုက်ရန်ဒေါသ မဖြစ်ချင်တာ၊ သည်အာကျယ်စွာကျယ် မိန်းမနှင့် ဖက်ပြိုင်မပြောနိုင်တာ၊ ပြီး မိဘတွေကပင် တစ်ဖက်က ပါနေကြတာတွေကြောင့် တဖြည်းဖြည်း ဟိုဟာလေး လျှော့ပေး၊ သည်ဟာလေး သူ့အလိုကျ လိုက်လုပ်ပေးနှင့် ကာလများစွာ မကြာမြင့်မီမှာပင် မမြစိန်၏ လက်အောက်ခံလုံးလုံး ဖြစ်သွားခဲ့လေသည်။ကိုဘမောင် နဂိုမူလ နေထိုင်မှု ပုံစံအားလုံးကို မမြစိန်၏ ညွှန်ကြားချက်များနှင့် အညီ ပြုပြင် ပြောင်းလဲလိုက်ရသည်။ အရက်မသောက်ရ။ အရက်သောက်သည့် အပေါင်းအသင်းများနှင့် မဆက်ဆံရ။ စီးကရက် မသောက်ရ။ လက်ဖက်ရည်ဆိုင် မထိုင်ရ။ အိမ်မလည်ရ။ ညဘက် အပြင်မထွက်ရ။လူတွေက ပြောသည်။ သူငယ်ချင်း အပေါင်းအသင်း တချို့က အမုန်းခံပြီး ပြောသည်။ မင်းမိန်းမကို သည်လောက် အလိုမလိုက်နဲ့၊ သည်လောက် ကြောက်မနေနဲ့၊ အိမ်ထောင်တစ်ခုမှာ ယောက်ျားက ဦးဆောင်မှ တိုးတက်တာ၊ စီးပွားဆိုရင်လည်း ယောက်ျားက ထထကြွကြွ စီးစီးနင်းနင်းလုပ်မှ ဖြစ်မြောက်တာ၊ သာရေး နာရေး လူမှုရေး အပိုင်းမှာလည်း ဒီလိုပဲ၊ မိန်းမက သွားဆိုမှ သွား၊ မိန်းမက လုပ်ဆိုမှ လုပ်၊ ဒီလူ့ ဒီလောက် ပေးဆို ပေး၊ မပေးနဲ့ဆို မပေးနဲ့၊ အဲသလို နေရင် တဖြည်းဖြည်း လူရာမ၀င် ဖြစ်လာမယ်၊ လူတောထဲ မတိုးနိုင် ဖြစ်လာမယ်။ပြောပါ များသည့်အခါ တစ်ခါတရံ ဆိုသလို မမြစိန်ကို မရဲတရဲ ဝေဖန်ကြည့် ကန့်ကွက်ကြည့်မိသည်။ အကြံပြုတင်ပြကြည့်မိသည်။ ကိုဘမောင် ပါးစပ်က ထော့တီးထော့နဲ့နှင့် တစ်ခွန်းစ နှစ်ခွန်းစ ထွက်လာရုံသာ ရှိသေးသည်။ မမြစိန်က ရေတံခွန်လို တရဟော သွန်ကာ ဆင်းလာသည်။ ကိုဘမောင် တင်ပြချက်ကို ငြင်းဆန်ရုံသာမက အပြင်းအထန် ဆူပူခြင်း၊ ပြစ်တင်ခြင်း၊ ကြိမ်းမောင်းခြင်း၊ ပုတ်ခတ်ခြင်းများပါ အဆက်မပြတ် ပေါ်ထွက်လာသည်။ ရှင်ဘာသိသလဲ။ ရှင်ဘာနားလည် သလဲ။ ရှင်က လူတွေနဲ့ ဆက်ဆံရတာ မဟုတ်ဘူး။ ကျုပ်က လူတကာနဲ့ ဆက်ဆံနေရတာ။ ရှင်လုပ်လို့ ဘာ တစ်ခု ဖြစ်မြောက်ဖူးတာ ရှိသလဲ။ ကျုပ်ပဲ အစစ စီမံခန့်ခွဲပေးနေရတာ မဟုတ်လား။မမြစိန်ပါးစပ်က ရပ်သည် မရှိတော့။ကိုဘမောင် နဂိုပုံမှန်အနေအထားမှာပဲ ငြိမ်ဝမ်စွာ ပြန်နေလိုက်ရသည်။ သည်လိုဖြင့် ကိုဘမောင် ဒေါ်မြစိန်၏ လက်အောက်ခံ ဘ၀မှာ ရိုကျိုးစွာ နေထိုင်လာခဲ့သည်။နှစ်ပေါင်းများစွာ ကြာညောင်းခဲ့သည်။မူလက သူငယ်ချင်း အပေါင်းအသင်းများနှင့် လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေခဲ့ဖူးသော ကိုဘမောင်ကို လူတွေ မသိကြတော့။ မျက်နှာသေကြီးနှင့် ငူငူငိုင်ငိုင် ထိုင်ကာ မိန်းမခိုင်းတာလုပ်၊ မိန်းမပြောစကား နားထောင်တတ်သည့် ဦးဘမောင်အဖြစ်သာ တစ်မြို့လုံး သိခဲ့ကြတော့သည်။သို့သော် မျက်နှာဖုံး စွပ်ထားသလို သေနေသော မျက်နှာကြီး၏ နောက်ကွယ်ရှိ ဦးဘမောင်၏ ဦးနှောက်ထဲတွင် အမြဲ အမြဲရှင်သန် လှုပ်ရှားနေသည့် အတွေးတစ်ခုက ရှိနေသည်။ပြင်လို့ မရနိုင်သည့် အမှားတစ်ခုအတွက် အကြီးအကျယ် နောင်တရနေခြင်း၊ မိမိကိုယ်ကို အပြစ်တင် မဆုံးနိုင် ဖြစ်နေခြင်း။ သည်မိန်းမကို မငြင်းမဆန် လက်ခံခဲ့မိခြင်းသည် မိမိအတွက် အလွန်တရာ ကြီးမားသော အမှား။ အိမ်ထောင်မှု ဘုရားတည် ဆိုသော စကားကို ထည့်သွင်း မစဉ်းစားခဲ့မိသည့် မိမိ၏ အမှား။ သည်အမှားကို ပြင်ဖို့ မလွယ်တော့။ သည်မိန်းမ မရှိတော့မှဘဲ သည်ကိစ္စ ပြီးတော့မည်။ သည်မိန်းမ သူ့ အကုသိုလ်နှင့် သူ သေဆုံးခဲ့လျှင် ......ဦးဘမောင်၏ စိတ်သည် ပစ္စပုန်၌ မနေ။ အတိတ်နှင့် အနာဂတ် ကြားတွင်သာ လူးလားဆန်ခတ် ရှိနေချေသည်။ငယ်ရွယ်စဉ်က သူလက်ထပ်ထိမ်းမြားမည်ဆိုလျှင် ဖြစ်နိုင်သည့် မိန်းမများကို သတိရသည်။ မိမိကို ကြင်နာမြတ်နိုးမည့် မိန်းမ၊ ရိုသေ ကျိုးနွံမည့် မိန်းမ၊ အိမ်ဦးနတ်ဟု နေရာပေး ကိုးကွယ်မိ မိန်းမ။ ယခုတော့ သူတို့နှင့် မဖြစ်နိုင်တော့။ အသစ်အသစ်ကိုသာ စဉ်းစားရတော့မည်။အကြင်နာ တရားရှိကာ သဘောကောင်းသည့် မုဆိုးဖို တစ်ဦး၊ ပထမအိမ်ထောင်နှင့် သားသမီး မထွန်းကားခဲ့သည့် မုဆိုးဖို တစ်ဦးအနေနှင့် တောင်းရမ်းရနိုင်မည့် မိမိထက် များစွာ ပျိုမျစ်သော မိန်းကလေးများကို စိတ်ကူးယဉ်မိသည်။ လမ်းမှာတွေ့သော မိန်းကလေး၊ အိမ်မှာ တွေ့သော မိန်းကလေး၊ မြို့ပေါ်က မိန်းကလေး၊ ရွာနီးချုပ်စပ်က မိန်းကလေး၊ နားစွန်နားဖျား သူများပြောသံ ကြားသော မိန်းကလေး၊ ဦးဘမောင် စိတ်ကူးထဲ၌ နေ့စဉ်နှင့် အမျှ သည်မိန်းကလေးများနှင့် အိမ်ထောင် အသစ်အသစ် ကျလို့နေသည်။ ထို့အတူ ဒေါ်မြစိန်သည်လည်း ဦးဘမောင်၏ စိတ်ကူထဲတွင် နေ့စဉ်နှင့် အမျှ နည်းမျိုးစုံနှင့် သေဆုံးလျက် ရှိနေလေသည်။ဦးဘမောင်အတွက် မျှော်လင့်ချက် ရောင်ခြည် သန်းလာသည်။ဒေါ်မြစိန် သွေးဆုံးချိန်က စပြီး ကျန်းမာရေး မကောင်းချင်သလို။ မာချာသည် ဟုမရှိ။မီးယပ်လား၊ နှလုံးရောဂါလား၊ သွေးတိုးလား၊ ကင်ဆာလား၊ သေနိုင်သည့် ရောဂါတွေချည်း။ ဒေါ်မြစိန်ကလည်း သူအချိန်မရွေး သေသွားနိုင်သည့်အကြောင်း အမြဲပြောသည်။ သို့သော် ရောဂါ အကြောင်း ပြောရင်းက ဦးဘမောင်ကို နိုင်မြဲတိုင်း နိုင်သည်။ဘာပဲဖြစ်ဖြစ် ဦးဘမောင်မှာတော့ မျှော်လင့်ချက်ကလေးတွေ တစ်နေ့တခြား တိုပွားကာ လာသည်။ သူ့စိတ်ကူးယဉ် အိပ်မက်များမှာ ဖြစ်နိုင်ချေနှင့် နီးသည်ထက် နီးကာလာသည်။ သေတော့မလား၊ တကယ်သေတော့မလား။ သည်နှစ်ထဲပဲလား၊ အလွန်ဆုံး နောက်နှစ်လား။တစ်သက်လုံး မိမိအပေါ် အနိုင်ယူဆူပူခဲ့သည့် မိန်းမ။ အသံမကျယ်နိုင်တော့သည့် ကာလတွင် လူကို အနားခေါ်ထားပြီး မောနေ ပန်းနေသည့် ကြားကပင် တဗျစ်တောက်တောက် ပြောဆို မြည်တွန်နေချင်သည့် မိန်းမ။ လူမမာဘ၀နှင့် ဆယ့်ငါးနှစ်လောက်ကြာအောင် သက်ဆိုးရှည်ရှည် နေခဲ့ပြီး ယခုနောက်ဆုံးမှပဲ အမှန်တကယ် နိဂုံးချုပ်တော့သည်။ကြက်တွန်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။ အိမ်နီး အိမ်နားမှ တစ်စုံတစ်ယောက်၏ ချောင်းဟန့်သံ၊ အိပ်ရာမှ နိုးထသံများ ကြားရသည်။ဦးဘမောင် အိမ်ရှေ့ဘက် ထွက်သည်။ တံခါးဖွင့်ပြီး အောက်ဆင်းမည် ပြုသည်။ အိမ်နီးချင်းများကို အကြောင်းကြားရန်။ ဒေါ်မြစိန် သေပြီ ဆိုသော သတင်း။ မိမိအတွက် မင်္ဂလာသတင်း။စောလွန်းသေးသည်၊ မကောင်းပါဘူးဟု လှေကားအိမ်ပေါ် ရောက်ပြီးကာမှ စဉ်းစားမိကာ အိမ်ပေါ်ပြန်တတ်လာသည်။ခေါင်းရင်း ပြတင်းပေါက်ကို ဖွင့်သည်။အရှေ့ဆီတွင် ရောင်နီပေါ်စ ပြုနေပြီ။ ကြည်နူးစရာ အရုဏ်ဦး အချိန်ပါတကား။ နီ ၀ါ ရွှေ ရောင်စုံအလင်းက အမှောင်ရိပ်ကို တဖြည်းဖြည်း ဖြိုခွင်းလျက် ရှိသည်။ ပတ်ဝန်းကျင်၌ အလင်းဖြူက မပီသချင်သေး။နေ့သစ်တစ်ခု အစပြုတော့မည်။ထို့အတူ မိမိအတွက်လည်း ဘ၀သစ်တစ်ခု အစပြုပေတော့မည်။ ဦးဘမောင် ရင်းတွင်း၌ ၀မ်းသာခြင်း၊ တက်ကြွခြင်းများ တရကြမ်း တိုးဝှေ့ ၀င်ရောက်လာသည်။ ရုတ်တရက် တစ်စုံတရာကို ဟစ်ကြွေးရင့်ကျူးလိုက်မိတော့မလို ဖြစ်သွားသည်။ ခန်ဒါကိုယ် အတွင်းရှိ အင်္ဂါအစိတ်အပိုင်းတွေသည် အလိုအလျောက် ရုန်းကန်လှုပ်ရှားကာ ဦးဘမောင်ကို တစ်ခုခု လုပ်ဗျာဟု ခိုင်းစေနေသလို ရှိသည်။ သူ့တစ်ကိုယ်လုံးသည် မရိုးမရွ နေမထိ ထိုင်မသာ ဖြစ်လာသည်။ဦးဘမောင် ပြတင်းဝတွင်ပင် ရပ်ကာ လက်နှစ်ဖက်စလုံး ပြိုင်တူ တဖြောက်ဖြောက် မြည်အောင် လက်ဖျစ်တီးလိုက်သည်။ ဆယ်ချက်လောက် မြန်မြန်ကြီး လက်ဖျစ်တီးပြီးနောက် အခန်းထဲတွင် ခေါက်တုံ့ ခေါက်ပြန်လျှောက်ကာ အတန်ကြာအောင် လေချွန်လိုက်၊ လက်ဖျစ်တီးလိုက် လုပ်နေသည်။ထို့နောက် အိပ်ခန်းတွင်း ပြန်ဝင်ကာ ခုတင်ပေါ်၌ လုံးဝ ငြိမ်သက်နေသော ဒေါ်မြစိန်ကို ရပ်ကာ ကြည့်နေသည်။ဒေါ်မြစိန်ကား ကွယ်လွန်ခဲ့ပြီ။ မိမိဘ၀ အသစ်တစ်ခု ပြန်လည် စတင်ဖို့ အခွင့်အရေး ရခဲ့ပြီ။ သို့သော် မိန်းမသေပြီးစ ပူပူနွေးနွေး နောက်မိန်းမ တစ်ယောက် ယူလို့တော့ သင့်တော်မည် မဟုတ်။ သုံးလေးငါးလ တန်သည် စောင့်ဆိုင်းရဦးမည်။ ဘေးလူတွေက ဘာပြောကြမလဲ၊ ဦးဘမောင် နောက်မိန်းမလိုချင်လို့ ၊ မိန်းမသေပါစေ ဆုတောင်းလွန်းလို့ ဒေါ်မြစိန် မြန်မြန်သေသွားတာလို့ ဆိုကြမည်လား။ အင်း၊ နှစ်လည်အောင်တော့ စောင့်မှ တော်လိမ့်မည် ထင်သည်။သို့သော် အချိန်က ဆိုင်းသည် မဟုတ်။ အသက်အရွယ်က ရှိသေးသည်။ မမြစိန် ဖြုန်းတီးသွားသည်က နည်းသည့် အချိန်တွေ မဟုတ်။ နှစ်ပေါင်း သုံးဆယ်။ မိမိ၏ အကောင်းဆုံး အသက်အရွယ်တွေကို သူသေရာ ယူငင်သွားခဲ့ပြီ မဟုတ်လား။စားပွဲပေါ်မှာ မှောက်ထားသော မှန်ကလေးကို ကောက်ကိုင်မိသည်။ ဦးဘမောင် မှန်မကြည့်ဖူးတာ ကာလကြာခဲ့ပြီ။ ခုတော့ ဘယ်လို စိတ်ကူးလဲ။ ဦးဘမောင် မှန်ကလေး ကိုင်ကာ စောစောက အရုဏ်ဦးကို ရှုစားခဲ့သည့် ပြတင်းဝဆီ လာပြီ်း မှန်ထဲက သူ့ပုံရိပ်ကို ကြည့်သည်။ ရုတ်တရက် ဦးဘမောင် မျက်နှာ ပျက်သွားသည်။ မိမိ မျက်နှာ ပျက်သည်ကို မိမိဘာသာ မြင်လိုက်ရသည်။ အိုမင်းသော မျက်နှာနှင့် ထိတ်လန့် တုန်လှုပ်သွားသော အမူအရာ။ ပျက်နေသော မျက်နှာကို ပြင်ဖို့ ကြိုးစားသည်။ ရုတ်တရက် အတင်းပြုံးကြည့်သည်။ သွားကျိုးကျဲတို့မှာ အရုပ်ဆိုးစွာ ပေါ်လာသည်။ သည်ရုပ်ရည်နှင့် မိန်းမ အသစ် တစ်ယောက် မည်သို့ ရနိုင်မည်လဲ။ဦးဘမောင် ခြေထောက်တွေ ညောင်းညာလာသည်။ အားအင်ကုန်ခမ်းကာ ကတုန်ကရင် ဖြစ်ချင်လာသည်။ မှန်ကို ချခဲ့ပြီး နီးရာကုလားထိုင်မှာ ၀င်ထိုင်သည်။သွားပြီ၊ သွားပြီ ။ အလဟဿပဲ။ ဘ၀တစ်ခုလုံး အလဟဿ ပြုန်းတီးခဲ့ရပြီပဲ။ရုတ်တရက် ဦးလှမင်းကို ပြေးသတိရသည်။သူ့စိတ်ထဲက ကျိတ်ပြီး အားကျနေခဲ့သည့် ဦးလှမင်း။ မိမိထက် အသက် ငါးနှစ်မက ကြီးကာ သိသိသာသာလည်း အိုစာခဲ့သည့် ဦးလှမင်း။ ပြီးခဲ့သော တစ်နှစ်ကျော်လောက်ကမှ တောရွာ တစ်ခုက ဆွေရိပ်မျိုးရိပ် မကင်းသည့် မိန်းမပျိုကလေး တစ်ယောက်နှင့် လက်ထပ်ခဲ့သည်။ နုနယ်ပျိုမျစ်မှုတွေက ကူးစက်သည်လား မသိ။ မိန်းမယူပြီးသည့်နောက်တွင်မှ ဦးလှမင်း ယခင်ကထက် တက်ကြွလန်းဆန်းနေသည်ကို မနာလိုချင်စရာ မြင်တွေ့နေရသည်။ဦးဘမောင် အခိုက်အတန့်အဖို့ အားပြန်တက်တော့မလို။ သို့သော်လည်း သူသိသည်။ ဦးလှမင်းနှင့် သူနှင့်ကြားမှာ ကွားခြားလွန်းသည့် အနေအထားတွေ ရှိနေသည်။ ဦးလှမင်းသည် သည်ကလေးမလေးကို အလကားရခဲ့သည်မဟုတ်။ ရွှေတစ်ဆယ်သားနှင့် ငွေကျပ်နှစ်သောင်း တင်တောင်းခဲ့ရသည်။ ဒါတောင်ပင် ယောက်ဖလောင်း အရက်သမားက သည်နွားအိုကြီးနှင့် သူ့နှမကို မပေးစားနိုင်ဟု တုတ်တပြက် ဓားတပြက် လုပ်ခဲ့သေးသည်။ ထားပါတော့။မိမိမှာက ဖြစ်သမျှအကြောင်း သည်မိန်းမကြောင့်ချည်းပါပဲ။ ယခုတော့ သေလို့လည်း သွားပါပြီ။ တစ်သက်လုံး မိမိကို အနိုင်ယူစိုးမိုးခဲ့ရုံဖြင့် မကျေနပ်။ မသေခင် ဆယ့်ငါးနှစ်လောက် ရောဂါမျိုး ပေါင်းစုံဖြစ်ကာ ရှိသမျှ ဥစ္စာတွေ မကုန်ကုန်အောင် ဖြုန်းတီးသွားခဲ့သည်။ဘာဆို ဘာမျှ မရှိတော့ပါ။ လယ်တွေ၊ မြေတွေ၊ အတွင်း ပစ္စည်းဆိုတာတွေ၊ သေတ္တာဖွင့်ကြည့်စရာမလို။ ရွှေဆိုတာ မမြစိန်က ရွှေမရှိလျှင် မနေတတ်ဆိုလို့ သူ့နားက မချွတ်ဘဲ ထားသည့် နားကပ်တစ်ရံ ကလွဲပြီး ဘာမျှ မကျန်တော့။ သည်အိမ်သည်ပင် မိမိငယ်စဉ်ကတည်းက မိဘက ဆောက်ပေးခဲ့သည့် အိမ်မို့ အိုလှမင်းလှပြီ။ ပြိုကျ ပျက်ကျချင်နေပြီ။ သွားပါပြီ။ မိမိအိပ်မက်တွေ ဒေါ်မြစိန်နှင့်အတူ ပါသွားခဲ့ပြီ။ဦးဘမောင် ကုလားထိုင်မှာ ငုတ်တုတ်ထိုင်ရင်း မျက်ရည်တွေတွေ စီးကျလာသည်။ အိမ်ရှေ့တံခါး တွန်းဖွင့်သံ ကြားရပြီး နံဘေးအိမ်မှ မောင်အောင်ဖြိုးတို့ လင်မယား တက်လာသည်။ “ဦးလေး” ဦးဘမောင် ထိုင်ရာက မထ။ အိပ်ခန်းထဲဘက် လက်ညှိုးထိုးပြလိုက်သည်။ လင်မယားနှစ်ယောက် အိပ်ခန်းထဲ ၀င်သွားကြသည်။“ဟာ .. ဒေါ်လေးမြစိန် ဆုံးပြီ”မောင်အောင်ဖြိုးတို့ အိမ်ရှေ့ဘက် ပြန်ထွက်လာသည်။ဦးဘမောင်ကား ကုလားထိုင်ထဲမှာပင် တစ်ကိုယ်လုံး တုန်ခါကာ ရှိုက်ကြီးတငင် ငိုကြွေးလျက် ရှိလေသည်။
*************************
ဒေါ်မြစိန်ဆုံးပြီး တစ်လ မပြည့်မီ ဦးဘမောင် ကွယ်လွန်သည်။ဆရာဝန်က နှလုံးရောဂါ ဟု ဆိုသည်။ရပ်ရွာကမူ ဦးဘမောင် ရင်ကွဲနာကျ သေသည်ဟု ပြောဆိုနေကြလေသည်။

--------------------------------------------------------------------------------------------
Theodore Dreiser ၏ Free ၀တ္တုကို ဆင့်ပွားခံစား ရေးဖွဲ့သည်။ (ရင်ခုန်ပွင့်။ ။ ဇန်န၀ါရီ၊ 1989)
ဖေမြင့် မရဏာနုဿတိ နှင့် အခြားဝတ္တုတိုများ စာအုပ်မှ အဟောသိကံ ၀တ္တုကို ကူးယူဖော်ပြပါသည်။

Wednesday, June 14, 2006

မင်္ဂလာပါ

မင်္ဂလာပါ ဒီ blog မှာတော့ ကျွန်တော် ဖတ်မိသမျှ ၀တ္တုတိုတွေ၊ ရသစာပေတွေထဲက ကျွန်တော် အကြိုက်ဆုံး၊ အခံစားရဆုံး ဆိုတဲ့ ၀တ္တုတိုလေးတွေကို မျှဝေဖို့ ရည်ရွယ်ပါတယ်။ ၀င်ရောက်ဖတ်ရှုကြမယ့် သူတွေကို အများကြီး ကျေးဇူးတင်ပါတယ်။